ထူးကုမ္ပဏီများအုပ်စု၊ ထူးဖောင်ဒေးရှင်းနှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတို့ နေရာ(၃)နေရာသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့

by HGC Admin

ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ နှင့် အသင်းတာဝန်ရှိသူများ၊ ကစားသမားများသည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း (၁၆၀)နှင့် ညီမျှသော Air-Con (၄၀)လုံး၊ PPE ဝတ်စုံ(၂၀၀) နှင့် Mask (၃၀၀)တို့အား ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးသို့ သွားရောက် လှူဒါန်းခဲ့ပါသည်။ ယခုလှုဒါန်းမှုတွင် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ မှဦးဆောင်၍ ရန်ကုန်ယူနိုက်တက်အသင်း အုပ်ချုပ်/ နည်းပြ နှင့် ကစားသမားများ၏ လစာငွေများမှ စုပေါင်းလှုဒါန်းကြခြင်း ဖြစ်ပါသည်။

ထို့အတူ ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းက ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ PPE ဝတ်စုံ(၂၀၀) နှင့် Mask (၃၀၀) အား သွားရောက် လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်မှ လက်ခံပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ဆိုခဲ့ပါသည်။

ထို့ပြင် ထူးကုမွဏီများအုပ်စု ဥက္ကဌရုံးမှ ဦးမြတ်မင်းဇင်နှင့် ဦးအောင်လင်းဦး ဦးဆောင်သော အဖွဲ့သည် COVID-19 ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ(၂၀၀) နှင့် Mask (၃၀၀) အား ယနေ့ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်ရုံးသို့ သွားရောက် လှူဒါန်းရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်စား ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဝင်းမြင့်ခိုင်မှ လက်ခံရယူပြီး တပ်မတော်မှ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ထူးကုမ္ပဏီများအုပ်စု၏ လှူဒါန်းမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

ထူးကုမ္ပဏီများအုပ်စု၊ ထူးဖောင်ဒေးရှင်းနှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတို့သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ယနေ့တွင် နေရာ(၃)နေရာသို့ လှူဒါန်းခဲ့ပြီး လိုအပ်ချက် ရှိနေသည့်အရာများကို ဆက်လက် လှူဒါန်းနိုင်ရန် စီမံဆောင်ရွက်လျှက် ရှိပါသည်။