တက္ကသိုလ်ဝင် စာမေးပွဲအား ထူးဖောင်ဒေးရှင်း ပညာဒါန စာသင်ကျောင်းမှ အောင်ချက် (၇၄.၃၄) ရာခိုင်နှုန်းဖြင့် ကျောင်းသား/သူ စုစုပေါင်း (၈၄)ဦးအောင်မြင်

by HTOO Group Media Department

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းအား ယနေ့ ထုတ်ပြန်ခဲ့ရာ ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါဆောင်မှ အောင်ချက် (၇၄.၃၄) ရာခိုင်နှုန်းဖြင့် ကျောင်းသား/သူ စုစုပေါင်း (၈၄)ဦးအောင်မြင်ခဲ့ပါသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအား ထူးဖောင်ဒေးရှင်း ပညာဒါန စာသင်ကျောင်းမှ (၁၁၃) ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ (၈၄) ဦး အောင်မြင်ခဲ့ပြီး ၃-ဘာသာ ဂုဏ်ထူးရှင် (၇) ဦး၊ ၂-ဘာသာ ဂုဏ်ထူးရှင် (၁) ဦး၊ ၁-ဘာသာ ဂုဏ်ထူးရှင် (၄၀) ဦး ထွက်ပေါ်ခဲ့ပါသည်။

ဖြေဆိုခဲ့သူ (၁၁၃)ဦးတွင် ဘော်ဒါကျောင်းတက် ဖြေဆိုသူ (၄၂)ဦး ဖြစ်ပြီး နေ့ကျောင်းတက် ဖြေဆိုသူ (၇၁) ဦး ဖြစ်ပါသည်။ ဘော်ဒါကျောင်းတက် ဖြေဆိုသူ (၄၂) ဦးတွင် (၃၅) ဦး အောင်မြင်ခဲ့ပြီး နေ့ကျောင်းတက် ဖြေဆိုသူ (၇၁) ဦးတွင် (၄၉) ဦး အောင်မြင်ခဲ့ပါသည်။

ဝေးလံ ခေါင်သီသောဒေသမှ တိုင်းရင်းသား လူငယ်တို့၏ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်တည်ထောင် ထားသော ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါဆောင်၏ အောင်ချက် ရာခိုင်နှုန်းမှာ (၇၄.၃၄) ရာခိုင်နှုန်းဖြစ်ပြီး ဖြေဆိုသူ စုစုပေါင်း (၁၁၃) ဦးထဲမှ ဂုဏ်ထူးထွက်သူ (၄၈) ဦး ပါဝင်ခဲ့သည်ကို ဂုဏ်ယူဖွယ် ဖော်ပြအပ်ပါသည်။

ထူးဖောင်ဒေးရှင်း ပညာဒါန စာသင်ကျောင်း၏ အောင်မြင်မှုမှာ တိုင်းရင်းသား ကျောင်းသားများအပေါ် ပညာရေးဆိုင်ရာ ဝန်ထမ်းများ၏ စေတနာရှေ့ထား သင်ကြားမှုကြောင့်ဖြစ်ပြီး သင်ကြားပေးသော ဆရာ၊ ဆရာမများနှင့် ကူညီဆောင်ရွက်ပေးနေသော ဒေသခံ လူငယ်များ အားလုံးကိုလည်း ထူးဖောင်ဒေးရှင်း အနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။

ထူးဖောင်ဒေးရှင်း၏ ပရဟိတ လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ နှင့် တိုင်းရင်းသား လူငယ်တို့၏ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကူညီပံ့ပိုးပေးနေသည့် နာယက ဦးတေဇအားလည်း ဒေသခံကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ထူးဖောင်ဒေးရှင်းအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။

By HTOO Foundation

Related articles